ကလေးပိစိကွေးလေးတွေကို ဘယ်အရွယ်မှာ မန်းမန်းစကျွေးကြမလဲ
မေမေ ထမင်းစားတာကို ကလေးလေးက သွားဖြင့် မပေါက်သေးဘဲ ပါးစပ်ပြင်ပြီး ကြည့်နေလို့ ကလေးကို မန်းမန်းဆိုပြီး ခွံ့ချင်နေပြီလား။ ကလေးလေးက ဘယ်အချိန်မှများ မန်းမန်း စစားလို့ရပါ့မလဲဆိုပြီး သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ မေမေသိချင်နေတဲ့ အဖြေလေးကို ဆောင်းပါးလေးထဲမှာ ရှာကြည့်လိုက်ပါ။
ကလေးပိစိကွေးလေးတွေကို ဘယ်အရွယ်မှာ မန်းမန်းစကျွေးကြမလဲ
တစ်ခုခုစားရင် ကလေးကရော ကြိုက်မလားဆိုပြီး တွေးမိရင်း ကျွေးချင်တယ်ဟုတ်။ ဒါက ကလေးကို ချစ်တဲ့မေမေ၊ တွေမှာ ဖြစ်တတ်တဲ့ ခံစားချက်ပေါ့။ ကလေးလေးကို စားစေချင်တာ မှန်ပေမယ့် ကလေးက ငယ်သေးရင် မခွံ့လိုက်ဖို့ပြောပါရစေ။
ကလေးတစ်ယောက်က မွေးကင်းစကနေ ၆ လအထိ မိခင်နို့ တစ်မျိုးတည်းနဲ့ လုံလောက်ပါတယ်။ ၆ လနောက်ပိုင်းမှာတော့ မိခင်နို့အပြင် ဖြည့်စွက်စာတွေကိုပါ ကျွေးလို့ရပါပြီ။ ဒါပေမယ့် ကလေးတိုင်းကို တသမတ်တည်းတော့ မှတ်ထားလို့မရပါဘူး။ အကြောင်းကတော့ ကလေး တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုပုံစံချင်းက မတူလို့ပါ။
အသက် ၆ လပြည့်လို့ ဖြည့်စွက်စာ စကျွေးပါဆိုတာနဲ့ မန်းမန်းစကျွေးလို့ ရပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးလေးကို ဘယ်အချိန်မှာ မန်းမန်း စကျွေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကလေးလေးရဲ့ စားသောက်နိုင်တဲ့ ကြွက်သားတွေ ဖွံ့ဖြိုးပြီလား
ကလေးလေးတွေ စားတတ်ဖို့နဲ့ စကားပြောတတ်ဖို့အတွက် လိုအပ်တဲ့ ကြွက်သားတွေက ကလေး အသက် ၆ လကျော်ကနေ ၈ လဝန်းကျင်မှာ စတင်ဖွံ့ဖြိုးပါပြီ။ ဒီလိုအချိန်မှာ မိဘတွေဘက်က လုပ်ပေးရမှာက မျက်နှာက ကြွက်သားတွေကိုအသုံးပြုရတဲ့ ကစားနည်းလေးတွေပေါ့။ ဒါမှ ကလေးရဲ့ မျက်နှာကကြွက်သားတွေက လှုပ်ရှားမှုတွေရပြီး မေးရိုးကြွက်သားတွေလည်း စတင်လှုပ်ရှားလာမှာပါ။ စားရေးဝါးရေး အစီအစဉ် လုပ်ငန်းစဖို့ အစပျိုးမှု တစ်ရပ်ပေါ့။
ကြွက်သားတွေ ဖွံ့ဖြိုးလာတာနဲ့ မန်းမန်း ကျွေးလို့ရပြီလား! ဆိုတော့ မန်းမန်းကိုပဲ ကျွေးလို့ ရမှာပါ။ ဟင်းတွေထည့်ကျွေးလို့ မရပါဘူး။ နောက်တစ်ခုရှိတာက လူကြီးတွေစားသလို ထမင်း ကျွေးလို့ မရပါဘူး။ ဒီကာလမှာ ထမင်းကျွေးမယ်ဆိုရင် ထမင်းပျော့ပျော့လေးကို ပိတ်စိမ်းပါးနဲ့ တိုက်ချပြီး ကျွေးလို့ရပါပြီ။ လတ်ဆတ် သန့်ရှင်းမှု ဂရုပြုပါ။
ကြေနေအောင် တိုက်ထားတဲ့ ထမင်းကို မေမေ့နို့ချို ဒါမှမဟုတ် ဖော်မြူလာနို့နဲ့ ခေါက်ပြီး ခွံ့ပေးလို့ ရပါပြီ။ နည်းနည်းပဲတော့ ကျွေးပါ။ နောက်တစ်ခု မပျက်မကွက် လုပ်ပေးရမှာက ကလေးလေးကို အစားစားပြီးတိုင်း လေထုတ်ပေးတာပါ။
ကလေးကို မန်းမန်း စမကျွေးခင်မှာ ဒီအချက်လေးတွေ
ကလေးလေးကို ထမင်းခွံမယ်ဆိုရင် ကလေးက အနည်းဆုံး အသက် ၆ လရှိရမှာ ဖြစ်သလို ကလေးမှာ ဒီလိုတိုးတက်မှုလေးတွေရှိရင် မန်းမန်းစစားဖို့ အသင့်ဖြစ်ပါပြီ။
ကလေးလေးကို ဘယ်လောက်ပဲ ကျွေးချင်ကျွေးချင် အသက် ၆ လပြည့်ပြီးမှ မန်းမန်း စခွံ့ပါ။ ၆ လ မတိုင်ခင်မှာတော့ မန်းမန်းလည်း မကျွေးသင့်သလို ရေတောင် မတိုက်သင့်ပါဘူး။ အသက်လည်း ၆ လပြည့်ပြီးပြီ အခုလိုလေး တိုးတက်မှုလေးတွေလည်း ကလေးလေးလေးမှာ ရှိပြီဆိုရင် မန်းမန်းခွံ့လို့ရပါပြီ။
ခေါင်းလေး မတ်မတ်ထောင်နိုင်ပြီ
ကလေးလေးက မေမေ ဖေဖေတို့ရဲ့ အကူအညီ မလိုဘဲ သူ့ရဲ့ ဦးခေါင်းလေးကို မတ်ထားနိုင်ပြီး ဟန်ချက်ညီညီ ထိန်းနိုင်ပြီဆိုရင်
မတ်မတ်ထိုင်ပြီ
ကလေးလေးက ခုံပေါ်မှာဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာဖြစ်ဖြစ် သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းနိုင်ပြီး မတ်မတ်လေးထိုင်နိုင်ပြီဆိုရင်
အစားတွေကို မျိုချတတ်ပြီ
မေမေ့နို့ပဲ တောက်လျောက် သောက်လာတဲ့ ကလေးလေးက မန်းမန်းကို မျိုချဖို့ စိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးလေးက အစားကို သေချာ မျိုမချတတ်သေးခင်မှာ အစားကျွေးလိုက်တာက အစာသီးတာလိုမျိုး ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးလေးရဲ့ နှုတ်ခမ်း၊ လျှာ နဲ့ အစာရေမျိုလေးတွေက အစာမျိုချရေး လုပ်ငန်းစဉ်ကို ကောင်းကောင်း လုပ်ဆောင်တတ်ပြီဆိုရင်
တစ်ခုခု ခွံ့ရင် ပါးစပ်ဟပေးတတ်ပြီ
ကလေးလေးက မေမေ့နို့တင် မဟုတ်ဘဲ ပါးစပ်နားကို အစားအစာတစ်ခုခုရောက်လာရင် ပါးစပ်ဖွင့်ပေးတတ်ပြီ ဆိုရင်
အစားအစာတွေကို စိတ်ဝင်စားတတ်ပြီ
ကလေးလေးက စားစရာတွေကို မြင်ရင် စိတ်ဝင်တစားနဲ့ကြည့်တာမျိုး၊ လူကြီးတွေတစ်ခုခု စားနေချိန်မှာ အစားအစာကို လက်နဲ့လှမ်းယူတာမျိုး၊ စားမလားလို့ ခွံ့ဟန်ပြတဲ့အခါ ပါးစပ်ဖွင့်တာမျိုး၊ စားစရာတွေပေါ်မှာ စိတ်ဝင်စားတာမျိုးတွေ ရှိလာပြီ ဆိုရင်
ကိုယ်အလေးချိန်လေး တိုးလာပြီ
ကလေးလေးတွေက မွေးပြီးချိန်ကစလို့ တစ်နေ့ထပ် တစ်နေ့ ပိုထွားလာမှာပါ။ ကလေးလေးက အသက်လည်း၆ လပြည့်ပြီ ကိုယ်အလေးချိန်ကလည်း မွေးတုန်းက ပေါင်ချိန်ထက် ၂ ဆ ဖြစ်လာပြီ။ တိတိကျကျ ပြောပြရရင် ကလေးလေးရဲ့ ကိုယ်အလေးချိန်က ၁၃ ပေါင် နဲ့ အထက် ဖြစ်လာပြီဆိုရင် ကလေးလေးကို မန်းမန်း ခွံ့လို့ ရပါပြီ။
ကလေးကို ပဲနီလေး၊ ဆန်တို့ကိုရောကြိတ်ပြီး ဖော်မြူလာနို့၊ မေမေ့နို့တို့နဲ့ ရောပြီး နည်းနည်းချင်းစီ ခွံ့ပေးပါ။ တကယ်လို့ ကလေးလေးက ၂ နှစ်ကျော် ၃ နှစ်လောက်ရောက်လာပြီဆိုရင်တော့ ဟင်းအဖြူထည်လေးတွေ၊ အသားကြော်၊ ငါးကြော်လေးတွေကို ထမင်းဖြူနဲ့တွဲဖက်ပြီးကျွေးလို့ရပါပြီ။ စွပ်ပြုတ်လေးတွေ ပြင်ဆင်ပေးလို့ ရပါတယ်။
ပြင်ဆင်ပေးတဲ့ဆား နည်းနည်းပဲ ထည့်ပါ။ အချိုမှုန့်တွေ၊ အသားမှုန့်တွေ လုံးဝ မထည့်ပါနဲ့။ သကြားလည်း မထည့်ပါနဲ့။ ဆီကိုလည်း စားအုန်းဆီလိုမျိုး ဆီတွေ မသုံးပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
ရေးသားသူ - မွန်မွန်